Sickle cell anemia ဆိုတာဘာလဲ
ခန္ဓာကိုယ်အနှံ့က အင်္ဂါတွေ၊ ဆဲလ်တွေဆီကို အောက်စီဂျင် သယ်ယူပို့ဆောင်ပေးနေတဲ့ သွေးနီဥတွေဟာ နဂိုမူလပုံစံ ဒိုးနပ်ဝိုင်းပုံစံလေးတွေ ဖြစ်ရမယ့်အစား sickle ခေါ်တဲ့ တံစဉ်းပုံစံဖြစ်သွားတဲ့အခါ သွေးအားနည်းပြသာနာ ဖြစ်ပေါ်လာတာကို မျိုးရိုးလိုက်တဲ့ Sickle cell anemia လို့ခေါ်ပါတယ်။ မူလပုံပန်းသဏ္ဌာန် ဝိုင်းဝိုင်းလေးတွေအဖြစ် သဘာဝတရား ဖန်တီးထားတာဟာ သွေးကြောတွေရဲ့ အကျဉ်း၊ အချိုးအကွေ့တွေကို အလွယ်တကူ ကျော်ဖြတ်သွားလာနိုင်အောင် ဖြစ်ပါတယ်။ မျိုးရိုးဗီဇအရ ဇီဝပြောင်းလဲမှုကြောင့် လခြမ်းဆန်ဆန် တံစဉ်းဆန်ဆန် ခွက်ခွက်ပုံစံ သွေးနီဥတွေဟာ သွေးကြောတွေမှာ သွားလာစီးမြောရတဲ့အခါ အဝိုင်းလေးတွေလို သွေးစီးဆင်းမှုလမ်းကြောင်းမှာ အလိုက်သင့် မစီးမြောနိုင်ဘဲ ကန့်လန့်ကြီးတွေဖြစ်ကာ သွေးအားနည်းခြင်းဖြစ်ရပါတယ်။
လက္ခဏာရပ်များ
Sickle cell anemia ရဲ့ လက္ခဏာတွေဟာ ကလေးအသက် ၆လ ဝန်းကျင်မှာ စပေါ်လာတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာဟတတ်ပါတယ်။ အချိန်ကြာလာရင် ပြောင်းလဲနိုင်ပါတယ်။
၁။ သွေးအားနည်းခြင်း
ပုံမှန်ပုံပန်းသဏ္ဌာန်ရှိတဲ့ သွေးနီဥဆိုရင် ရက်ပေါင်း ၁၂၀ ကြာ တည်ရှိတတ်ပေမဲ့လခြမ်းပုံစံမှားနဲ့ သွေးနီဥဆဲလ်တွေကတော့ ရက် ၁၀-၂၀ကြာရင် သေသွားပါတယ်။ ဒါ့ကြောင့် သွေးနီဥမလုံလောက်ကာ ကိုယ်တွင်းအင်္ဂါတွေဆီ အောက်စီဂျင် အရောက်နည်းပြီး အမောဒဏ်မခံနိုင် ဖြစ်ပါတယ်။
၂။ နာကျင်ခြင်း
ရင်ဘတ်၊ ဗိုက်နဲ့ အရိုးအဆစ်တွေရဲ့ သွေးကြောသေးလေးတွေမှာ တံစဉ်းပုံသွေးနီဥတွေ ကန့်လန့်ကြီးပိတ်နေတဲ့အခါ နာကျင်ခံစားရစေပါတယ်။ နာရင် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။ ကလေးတွေမှာ နာလို့ အချိန်အတော်များများ ငိုနေရတဲ့အထိ ဖြစ်ရပါတယ်။
၃။ ခြေလက်တွေ ဖောယောင်ခြင်း
ခြေလက်တွေရဲ့ သွေးလည်ပတ်မှု မကောင်းတဲ့အတွက် ဖောယောင်နေတတ်ပါတယ်။
၄။ မကြာခဏ ပိုးဝင်ကာ ဖျားနာခြင်း
တံစဉ်းပုံ သွေးနီဥတွေကြောင့် ဘေလုံးထိခိုက်ပျက်စီးရတဲ့အတွက် ရောဂါပိုးတွေ မကြာခဏ ဝင်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် Sickle cell anemia ရှိတဲ့ ကလေးငယ်တွေဟာ ပိုးသတ်ဆေးတွေ၊ ကာကွယ်ဆေးတွေကို သုံးစွဲထိုးနှံနေရပါတယ်။
၅။ ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း
သွေးနီဥတွေဟာ ခန္ဓာကိုယ်အနှံ့ကို အောက်စီဂျင်နဲ့ အာဟာရတွေကို ပို့ဆောင်ပေးနေတာဖြစ်လို့ ကောင်းမွန်တဲ့ ပုံမှန်သွေးနီဥတွေ ပြတ်လပ်တဲ့အခါ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။
၆။ အမြင်အာရုံပြသာနာ
မျက်စိသွေးကြောငယ်လေးတွေမှာ ပိတ်ဆို့တဲ့အခါ မြင်လွှာကိုထိခိုက်စေနိုင်လို့ ပုံရိပ်ဖော်တဲ့အပိုင်းမှာ ပြသာနာဖြစ်ကာ အမြင်လျော့ကျစေပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်သလဲ?
အပေါ်မှာ ဖော်ပြခဲ့တဲ့လက္ခဏာတွေအပြင် Sickle cell anemia ဟာ ရောဂါပိုးဝင်လွယ်တာဖြစ်လို့ ကိုယ်ပူတက်တာ ၁၀၁.၅ဒီဂရီဖာရင်ဟိုက်( ၃၈.၇ ဒီဂရီစင်တီဂရိတ်)ထိတက်ပြီဆိုရင် အသက်အန္တရာယ်ရှိတဲ့ အပူချိန်ဖြစ်တာကြောင့် နီးစပ်ရာဆေးခန်းကို ပြသသင့်ပါတယ်။
ဒါ့အပြင် လေဖြတ်နိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ခန္ဓာကိုယ်တစ်ခြမ်း (မျက်နှာ၊ လက်နဲ့ ခြေ) တွေ မသန်တော့တာ၊ ဂယောင်ဂတမ်းတွေ ဖြစ်တာ၊ လမ်းမလျှောက်နိုင်တာ၊ စကားမပြောနိုင်တော့တာ၊ ရုတ်တရက် အမြင်အာရုံပြောင်းလာတာ၊ ထုံကျဉ်တာ၊ ခေါင်းအပြင်းအထန်ကိုက်တာတွေ ရှိခဲ့ရင်လည်း ဆရာဝန်ထံ အမြန်ဆုံး ပြသသင့်ပါတယ်။
Sickle cell anemia ဖြစ်ရတဲ့ အကြောင်းအရင်း
Sickle cell anemia ဟာ haemoglobin လို့ခေါ်တဲ့ သွေးနီဥအတွင်းက သံဓာတ်ကြွယ်ဝတဲ့ ပေါင်းစပ်ပစ္စည်းလေးမှာ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရပါတယ်။
အဖေရော၊ အမေရောမှာ ဗီဇ gene ပါရင်ဖြစ်စေ၊ မိဘတစ်ယောက်မှာပဲ gene ပါရင်ဖြစ်စေ ကလေးဆီကို ဆင်းသက်လာတတ်ပါတယ်။
Sickle cell anemia ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
- လေဖြတ်ခြင်း
- အဆုတ်ပိုးဝင်ခြင်းနဲ့ တံစဉ်းပုံသွေးနီဥများ အဆုတ်သွေးကြောမှာ ပိတ်ခြင်း (ရင်ဘတ်အောင့်၊ဖျား၊ရအသက်ရှူကြပ်လာရင် အရေးပေါ်အခြေအနေ ဖြစ်ပါတယ်)
- အဆုတ်ထဲမှာ သွေးပေါင်ချိန်တက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း
- ဘေလုံးမှာ တံစဉ်းပုံသွေးနီဥတွေ ပြည့်နှက်နေခြင်း (ဘေလုံးကြီး၊ ဗိုက်အောင့်လာတတ်ပါတယ်။ စိုးရိမ်ရပါတယ်။)
- အမြင်အာရုံ ချို့ယွင်းခြင်း
- ခြေထောက်မှာ အနာဖြစ်ခြင်း
- သည်းခြေကျောက်တည်ခြင်း
- သွေးကြောတွေမှာ သွေးခဲပိတ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ခက်ခဲခြင်း(သွေးတိုးတာ၊ သွေးခဲပိတ်တာ၊ ကိုယ်ဝန်ကျတာ၊ပေါင်မပြည့်၊လမစေ့တဲ့ ကလေးမွေးတာ စသည့်)
ကာကွယ်ခြင်း
အကယ်၍ သင်ဟာ Sickle cell anemia gene ကို သယ်ဆောင်ထားတဲ့သူဆိုရင် မျိုရိုးဗီဇဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကလေးဆီကို ဗီဇရောက်ရှိနိုင်ချေ၊ ကလေးယူဖို့နည်းလမ်းတွေ၊ ကုထုံးတွေကို စနစ်တကျ ကျင့်သုံးသင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun